သုတသတင်း

Saturday

Facebook နဲ့Twitter တို့ကို တရက်မသုံးဘဲ နေကြမတဲ့


အထီးကျန် စိတ်ဝေဒနာ ပပျောက်ရေး လှုပ်ရှားမှု တခုအနေနဲ့ နိုဝင်ဘာ ၁ရက်နေ့ကျရင် သြစတြေးလျနဲ့ အိန္ဒိယလို နိုင်ငံတွေက လူမှု ဆက်သွယ်ရေး ကွန်ရက်တွေဖြစ်တဲ့ Facebook တို့ Twitter တို့ကို တရက်မသုံးဘဲ နေကြမယ်တဲ့။ ဒီလှုပ်ရှားမှုကို စတာကတော့ သြစတြေးလျ အခြေစိုက် AEIOU ဖောင်ဒေးရှင်းအဖွဲ့ပါ။ ဒီအဖွဲ့ဟာ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အထီးကျန် စိတ်ဝေဒနာ (Autism) တိုက်ဖျက်ရေးနဲ့ ဒီလို ဝေဒနာဖြစ်တဲ့ ကလေးတွေကို ကူညီ စောင့်ရှောက် နေတဲ့ အဖွဲ့တခုပါ။ Autism ဆိုတာဟာ အသိုင်း အ၀ိုင်း အပေါင်း အသင်းနဲ့ ထိတွေ့မှုမလုပ်ပဲ အထီးကျန် တယ်လို့ ခံစားလာရတဲ့ စိတ်ဝေဒနာ တမျိုးပါ။ ဒီစိတ် ရောဂါမျိုးဟာ ကလေးဘ၀ကတည်းက စပြီး ပတ်ဝန်းကျင်နဲ့ အခြေအနေ အရပ်ရပ်ကြောင့် တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်လာတာမျိုးဖြစ်ရာကနေ နောက်ပိုင်းမှာတော့ လူမှုဆက်ဆံရေး မရှိရာကနေ မူမမှန်တဲ့ စိတ် အခြေ အနေတွေ၊ မူမမှန်တဲ့ ခန္ဓာအခြေအနေတွေ ဖြစ်လာတာ၊ တခါတလေကျရင်လည်း တပါးသူနဲ့ စကား ပြောဆိုဆက်ဆံဖို့ အလွန်အမင်း ကြောက်ရွံ့နေတာ၊ စိုးရိမ်နေတာ၊ ခက်ခဲတာတွေ ဖြစ်လာတဲ့ ဆိုးဝါးတဲ့ စိတ်ရောဂါဆီကို ဦးတည်သွားတဲ့ ရောဂါတမျိုးပါ။ ဒီရောဂါအကြောင်းနဲ့ ဒီရောဂါ ခံစားနေရတဲ့ သူတွေရဲ့ နေ့စဉ်ဘ၀တွေကို လူတွေသိနားလည်ဖို့ ရည်ရွယ်တဲ့အနေနဲ့ လာမယ့် နိုဝင်ဘာ ၁ ရက်၊ ၂၀၁၀ ကျရင် ကိုယ်သုံးနေတဲ့ Facebook, Twitter လို လူမှုဆက်သွယ်ရေး ကွန်ရက်တွေကို တရက်တာ အသုံးပြုမှု ရပ်ဆိုင်းဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။
တရက်တာ အင်တာနက်နဲ့ အဆက်အသွယ်ဖြတ်၊ e-mail ကိုလည်း အဆက်ဖြတ်၊ iphone၊ Andriod phone၊ Smart Phone တွေနဲ့ Facebook၊ Twitter စတာတွေ သုံးတာ ရပ် … ပြီးရင်တော့ အထီး ကျန်ဆန်တဲ့ အရသာကို မြည်းစမ်းကြည့်ပြီးတော့ ဒီရောဂါရှင် တွေကို ကိုယ်ချင်းစာ ကြည့် … ကိုယ်ချင်းစာ ကြည့်ပြီးတော့ သနားတယ် ကူညီလိုစိတ် ပေါက်လာ တယ်ဆိုရင်တော့ ဒီဝေဒနာ မဖြစ်အောင် ကာကွယ်ကြ၊ ဝေဒနာရှင်တွေကို ကူညီကြ … ဒီလို … ဒီလို ရည်ရွယ်ချက်ပါ။ အိန္ဒိယနိုင်ငံက စိတ်ဝေဒနာ ရှင်တွေကို ကူညီစောင့်ရှောက်နေတဲ့ Asha foundation ကလည်း အိန္ဒိယ တိုင်းသားတွေကို နိုဝင်ဘာ ၁ ရက်နေ့ကျရင် လူမှုဆက်သွယ်ရေး ရပ်ဆိုင်းမှုကို လုပ်ကြဖို့၊ Facebook, Twitter အသုံးပြုသူတွေအနေနဲ့ အထီးကျန် စိတ်ဝေဒနာရှင်တွေအတွက် လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ကမ္ဘာတ၀ှမ်းမှာ Facebook, Twitter လို Social Networking ဆိုဒ်တွေကို အသုံးပြုသူ ၄.၅ ဘီလီယံ ရှိနေပြီး အဲ့ဒီထဲက ၃.၃ သန်းကတော့ လူဦးရေးအများဆုံးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယကပါတဲ့။ လှုံ့ဆော်သူတွေက လှုံ့ဆော်နေကြပေမယ့် ဒီလှုပ်ရှားမှုကို အားလုံးက လိုက်ပါဆောင်ရွက်ကြပါ့မလား ဆိုတာကတော့ … ကျမတို့ မြန်မာနိုင်ငံမှာကတော့ရှင် .. ဒီလှုပ်ရှားမှုအတွက် အထူးအထွေ လှုံ့ဆော်နေစရာ မလိုပါဘူး။ နိုင်ငံတော် အစိုးရ ကိုယ်တိုင်ဦးစီးပြီး အင်တာနက် ဆက်သွယ်မှုတွေကို တရက်တည်းတောင် မဟုတ်ဘူး ရက်ပေါင်းများစွာ၊ ခဏခဏ ဖြတ်တောက်ရပ်ဆိုင်းပေးပြီး အထီးကျန်မှုကို ကိုယ်ချင်းစာတတ်အောင် လုပ်ပေးနေတာဖြင့် ကြာလှပေါ့နော့် …  
မူရင်း Irrawaddy