သုတသတင်း

Wednesday

ဘီစီ ၃၀၀၀ ၀န်းကျင်က သင်္ချိုင်းမြေတစ်ခု




Stonehenge ၏ မူလအစမှာ ဘီစီ ၃၀၀၀ ၀န်းကျင်က သင်္ချိုင်းမြေတစ်ခု ဖြစ်နိုင်သည်ဟု
သုတေသနပညာရှင်များ လေ့လာတွေ့ရှိ ဗြိတိန်ရှိ ကမ္ဘာကျော်သမိုင်းဝင် နေရာဖြစ်သော Stonehenge ၏ မူလအစမှာ ယခင် ထင်မှတ်ထားသည်ထက်စောပြီး ဘီစီ ၃၀၀၀ ၀န်းကျင်က အထက်တန်းလွှာ မိသားစုများအတွက် ကြီးမားသော သင်္ချိုင်းမြေ တစ်ခုဖြစ်နိုင်သည်ဟု ဗြိတိန် သုတေသနပညာရှင်များက ဆယ်စုနှစ် ကျော်ကြာ သုတေသနပြု လေ့လာမှုအပြီး မတ်လ ၉ ရက်တွင် သီအိုရီသစ် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယင်းသမိုင်းဝင်နေရာမှ တူးဖော်ရရှိသော မီးသဂြိုဟ်ထားသည့် အလောင်းများ၏ အကြွင်းအကျန်များကို လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် Stonehenge ကို လွန်ခဲ့သော နှစ်ပေါင်း ၄၃၀၀ ခန့်က တည်ဆောက် ခဲ့သည်ဆိုသော ယခင်ခန့်မှန်းချက်ထက် စောပြီး လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ ခန့်က တည်ဆောက်ခဲ့ဖွယ်ရှိသည်ဟု ကောက်ချက်ချခဲ့ကြသည်။ ယင်းအလောင်းများမှာ အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးများဖြစ်ပြီး မိသားစုဝင်များဖြစ်နိုင်ကြောင်း ယင်းသုတေသနအဖွဲ့ကို ဦးဆောင်ခဲ့သော University College London ပါမောက္ခ မိုက်ပါကာပီယာဆန်က ပြောကြားခဲ့သည်။ "ဒီနေရာက မင်းဆက်တစ်ဆက်ရဲ့ သင်္ချိုင်းမြေ တစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ လူ့အဖွဲ့ အစည်း တစ်ခုဆိုတာထက် ပိုလိမ့်မယ်" ဟု သူက ပြောကြားခဲ့သည်။ ယခုလေ့လာမှုတွင် ဗြိတိန်ရှိ တက္ကသိုလ် တစ်ဒါဇင်ကျော်မှ ပညာရှင်များ ပါဝင်ခဲ့ပြီး မီးသဂြိုဟ်ထားသော အလောင်း ၆၃ လောင်း၏ ကြွင်းကျန်သော အရိုး ၅၀၀၀၀ ကျော်ကို လေ့လာခဲ့ခြင်းဖြစ်သည်။ အလောင်းအများအပြားရှိသော တည်နေရာတွင်အပြာရောင် ကျောက်တိုင်များ စိုက်ထူထားပြီး အမှတ်အသားပြုလုပ်ထားကာ ယင်းနေရာတွင် လူ ၂၀၀ နှင့် အထက် မြှုပ်နှံထားသောနေရာ ဖြစ်နိုင်ကြောင်း ပီယာဆန်က ဆိုသည်။ ကျောက်တိုင်များ ပတ်လည်ဝိုင်းကာ စိုက်ထူထားသော Stonehenge မှာ ကန့်လန့်ဖြတ် ပေ ၃၀၀ (၉၁ မီတာ) ၀န်းကျင်ရှိကြောင်း သိရသည်။ အင်္ဂလန်တောင်ပိုင်းတွင် ယခုအချိန်အထိ ရှိနေသေးသော Stonehenge နှင့် ပတ်သက်၍ သီအိုရီမျိုးစုံ ထွက်ပေါ်ခဲ့ဖူးသည်။ ယင်းနေရာမှာ Druid (သံခေတ်အတွင်း ဗြိတိန်၊ အိုင်ယာလန် အစရှိသည့် နေရာတို့မှ ဘုန်းတော်ကြီးမျိုးရိုး အဖွဲ့ဝင်များ) တို့အတွက် ၀တ်ပြုဆုတောင်းခြင်းနှင့် နက္ခတ်တာရာများကို လေ့လာသည့် နေရာ တစ်ခုအဖြစ် သတ်မှတ်မှုလည်း ရှိခဲ့သည်။ ထို့ပြင် Stonehenge ကို ဗြိတိန်တွင် အစောပိုင်း နေထိုင်သူများက တည်ဆောက်ခဲ့ပြီး အနာရောဂါများ သက်သာပျောက်ကင်းအောင် ကုသသော နေရာတစ်ခုအဖြစ်လည်းကောင်း သီအိုရီထုတ်မှုလည်း ရှိခဲ့သည်။ နောက်ဆုံးပြုလုပ်ခဲ့သော လေ့လာမှုများအရ Stonehenge သည် ၀တ်ပြုဆုတောင်းသည့် နေရာတစ်ခု ဆိုသည်ထက် ဗြိတိန်တစ်ဝန်း နေထိုင်သူများ သွေးစည်းရေးအတွက် ရည်ရွယ်သော အဆောက်အအုံ တစ်ခုဟု ရှုမြင်ရမည်ဖြစ်ကြောင်း ပီယာဆန်က ပြောကြားခဲ့သည်။ Stonehenge အနီး အခြေချနေထိုင်ခဲ့သူ Neolithic (ကျောက်ခေတ် သစ်တွင် နေထိုင်သူများ) ၏ ရုပ်ကြွင်း အကြွင်းအကျန်များကို သုတေသနပြုလေ့လာခဲ့ရာ စကော့တလန် အပါအ၀င် ဝေးလံသော နေရာများမှ လူထောင်ပေါင်းများစွာသည် တိရစ္ဆာန်များ၊ မိသားစုဝင်များနှင့်အတူ ယင်းနေရာသို့ ဆောင်းရာသီနှင့် နွေရာသီအတွင်း ရောက်ရှိလာခဲ့ပြီး ပွဲတော်များကို ခမ်းနားစွာ ပြုလုပ်လေ့ရှိကြောင်း ဖော်ပြနေသည်ဟု သိရသည်။ ယင်းသွားလာသူတို့သည် Stonehenge ရှိသောနေရာတွင် အမြဲတမ်း နေထိုင်ခဲ့ခြင်း မဟုတ်ဘဲ ရာသီအလိုက် နှစ်စဉ်လာရောက်ခြင်းဖြစ်ကာ Stonehenge ကို တည်ဆောက်ခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်ရကြောင်း၊ Stonehenge ကို တည်ဆောက်မှု ပြီးစီးရန် ဆယ်စုနှစ်တစ်ခုကျော် သို့မဟုတ် ယင်းထက်စောနိုင်၊ ပိုကြာနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

Ref:AP
Eleven Media Group