သုတသတင်း

Thursday

မျိုးသုဉ်း ပျောက်ကွယ်နေပြီဟု ယူဆရသော ငါးမျိုးစိတ် တစ်မျိုး



ဒိုင်နိုဆောများထက် ပိုမို ရှေးကျသော ငါးမျိုးစိတ် တစ်မျိုး၏ ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခု၏ တည်နေရာအား သိရှိနိုင်ရန် အတွက် ပြင်သစ်နှင့် တောင် အာဖရိက နိုင်ငံရှိ ဇီဝဗေဒ ပညာရှင်များသည် မေလတွင် အိန္ဒိယ သမုဒ္ဒရာ ၏ ရေနက်ပိုင်းတွင် ရှိသော လိုဏ်ဂူများ အတွင်းသို့ ရေငုပ် ရှာဖွေသွားမည် ဖြစ်ကြောင်း ပြင်သစ် သဘာဝ သမိုင်းပြတိုက်က လွန်ခဲ့သည့် သီတင်းပတ် အကုန်ပိုင်းတွင် ပြောကြား ခဲ့သည်။ The Gombessa အမည်ရှိ ငါးမျိုးစိတ် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေရေး အဖွဲ့ တစ်ဖွဲ့သည် ဧပြီ ၅ ရက်မှ မေ ၁၅ ရက်အထိ အဆိုပါ ငါးမျိုးစိတ် ရှင်သန် ကျက်စားခဲ့သည်ဟု ယူဆရသော ဆော့ဒ်ဝါနာ ပင်လယ်အော် ဂျက်ဆီကာ ချောက်ကြီး၏ အောက် ဘက် ရေအောက် မီတာ ၁၂ဝ (ပေ ၃၉ဝ) အနက် သို့ ငုပ်၍ ရှာဖွေသွား မည် ဖြစ်သည်။ တရုတ် နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များ၏ သုံးသပ်ချက် အ ရ အဆိုပါ ငါးမျိုးသည် လွန်ခဲ့သော နှစ် သန်းပေါင်း ၃၇၅ သန်းခန့်က စတင်တည်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် သန်းပေါင်း ၆၅ သန်းခန့်တွင် မျိုးသုဉ်းပျောက် ကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း မျိုးနွယ်ဝင် ငါးတစ်ကောင်ကို တောင်အာဖရိက ကမ်းလွန်၌ ၁၉၃၈ ခုနှစ် အတွင်းက ဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ ငါးသည် အညိုရောင် ဖျော့ဖျော့ အရောင်ရှိပြီး ၂ မီတာ (၆ ဒသမ ၅ ပေ) ခန့် ရှည်လျားကာ အလေးချိန် အားဖြင့် ၉၁ ကီလို (ပေါင် ၂ဝဝ) ခန့်ရှိသည်။ သို့သော် ၎င်းတို့၏ နေထိုင်မှု၊ အမူအကျင့်၊ အစားအစာနှင့် မျိုးပွားမှု ဆိုင်ရာများနှင့် စပ်လျဉ်း၍ အသေးစိတ် သိရှိရခြင်း မရှိကြောင်း သိရသည်။

မြ၀တီ