သုတသတင်း

Wednesday

မွန်ဝတ်စုံအကြောင်းသိကောင်းစရာ(အကျဉ်းချုပ်)


မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်းဧကရာဇ်၊စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီးမတ်ရာ၊ သူဋ္ဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့် အားလျော်စွာဝတ်စားဆင်ယင်မှုသည် လည်း လူတန်းစားကိုလိုက်၍ ၀တ်စားဆင်ယင်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီပဒေသရာဇ်မင်းတို့ အုပ်စိုးသော ခေတ်နှင့် နယ်ချဲ့တို့၏ လက်အောက်သို့ရောက်ရသော ခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်း ခံခဲ့ရ သည်။မြန်မာပြည်လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန် လုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့်ပိုမိုတွင်ကျယ်စွာ ရောင်းချ နိုင်သော မြန်မာ့အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏ ၀တ်စားဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြသည်။ ရာမညတိုင်းသားတို့သည် လွယ်ကူစွာ ရနိုင်သော အ၀တ်အထည်များကိုသာ ၀ယ်ယူသုံးစွဲခဲကြ သဖြင့် မွန်တို့၏ အ၀တ်အထည်များကို ပိုမို၍အ၀တ်နည်း လာကြသည်။ အမျိုးသားဝတ်စုံကို ၀တ်ဆင်ရန် လိုအပ်သည့်အခါတွင် မည်သည့်ဝတ်စုံကို ၀တ်ဆင်ရမည်ကိုပင် မဝေခွဲ နိုင်သော အခြေအနေသို့ရောက်ခဲ့လေသည်။ တက္ကသိုလ်၊ ကောလိပ်များရှိ တိုင်းရင်းသား လူမျိုးတိုင်းတွင် မိမိတို့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီများရှိကြသည်။ ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံ ပွဲများ၊ စုပေါင်းကျင်းပသောပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ် မွန်ကျောင်းသူ၊ ကျောင်းသားများ သည်တခြားတိုင်းရင်းသား နည်းတူ မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ် ရန်ကုန် တက္ကသိုလ်ပြည်ထောင်စုအလံသယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သော အခြေ အနေသို့ ရောက်ခဲ့ရ၏။ မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ် များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုး တောင်းဆိုလာကြသည်။ အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေး ကော်မတီကို (21.8.1971) စနေနေ့တွင် ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊ ကောလိပ် ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။

(21.8.1971)ပထမအကြိမ်အစည်းအဝေးတွင်-မွန်လူမျိုးတို့၏ ရှေးဟောင်းအ၀တ် အစားနှင့် ယနေ့အ၀တ် အစားများကို အထောက်အထား ပစ္စည်းအဖြစ်အသုံးပြုရန် မွန်ဒေသစုံသို့သွားရောက် စုဆောင်းရန်။    - မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။ - မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန်။ - (5.9.1971) တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။ ရရှိ ထားသော အဖြေများကိုပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ်သတ်မှတ်ရန်။ - (12.9.1971)တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကို ဖိတ်ခေါ်ပြီး မွန်ဝတ်စုံကို သတ်မှတ်အတည်ပြုရန်။ ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ်ကော့ဗိန်းရွာ မှ ပစ္စည်းအထောက်အထား အချက်အလက်များကို ဆည်းပူးလေ့လာခဲ့ကြပါသည်။ ရှေးခေတ်မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသန ပြုရာတွင် အနီရောင်သည်အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကိုတွေ့ရသည်။လုံချည်တွင် အနီရောင်ခံ ပေါ်တွင် အဖြူရောင်အစင်းဖြင့်အကွက်များဖော်ထားခြင်းနှင့် ထမီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများ ဖြင့်အကွက်ဖော် ထားသည်ကို တွေ့ရသည်။

ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မ၀တ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သော အင်္ကျီတစ်မျိုးဝတ်ဆင် သည်ကိုတွေ့ရသည်။ တိုက်ပုံကဲ့သို့ လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပေ။ လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီးမတပ် ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍ စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ် နှစ်လုံးသာ ပါသည်။ ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကို ၀တ်ဆင် ကြသည်။

ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ဘဲခေါင်းမှစွပ်ရ၀တ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဍာန်နှင့် (V) သဏ္ဍာန်ရှိသည်။ ကြယ်သီးနှင့်ချည်စရာကြိုးများ မလိုချေ။ ကရင်အမျိုးသမီးများကဲ့သို့ အစင်းအကြောင်း ဖော်ထားခြင်းမရှိချေ။ လက်မှာလက်ရှည်ဖြစ်သည်။ (12.9.1971)တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေး တစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များ လက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ပုံသဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင် ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသောအရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့် အကွက်ကြီး ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။ အစည်းအဝေးမှ သတ်မှတ်သော မွန်အမျိုးသားဝတ်စုံမှာ အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင် ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲ ဆန့်ထားမည်။ အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။ အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနား အဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။ မွန်အမျိုးသမီးဝတ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနား အနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊ အနီရောင်နှင့်အဖြူရောင်ယှက်ထားသော ဗြောင် 15 လက်မအောက်ဆုံးအနား၊ အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊ စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။ တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ သည်။ မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။ (12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူ ကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။ (23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများ မိတ်ဆက်ပွဲအခမ်းအနားကို မွန်ကျောင်းသူ ကျောင်းသား၊ ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။ ညီရင်း အစ်ကိုများနှင့် မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။အထက်ဖော်ပြပါကြိုးပမ်း အားထုတ်မှုတို့သည် ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမား မတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသား ၀တ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်သဘောပေါက်ရန် အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏ အမျိုးဘာသာသာ သနာနှင့် ယဉ်ကျေးမှု အမွေအနှစ် များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။  

ဗညားအောင်မိုး(ဆေးတက္ကသိုလ်)
တက္ကသိုလ်မွန်မဂ္ဂဇင်း ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။