ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်မတန် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ဒါကတော့ လက်နက်တွေ နဲ့ နည်းပညာပါ။ လက်နက်ကိုင် အကြမ်းဖက်မှု ကို နည်းပညာ နဲ့ ထိန်းချုပ်လို့ မရတော့ဘူးလားလို့ မေးလာတဲ့ မေးခွန်းကို ပြန်လည် တုန့်ပြန်ထားတဲ့ ဆောင်းပါးပါ။
တကယ်တော့ နည်းပညာ လောကမှာ ဒီ ကိစ္စဟာ အသစ် တီထွင်ရမဲ့ ကိစ္စ မဟုတ်ပါဘူး။ အရင်တတည်းက တီထွင် ထားပြီး ဖြစ်ပေမဲ့ ကုန်ကျစရိတ် များပြားလွန်းတာကြောင့် အကောင်အထည် မဖော်ဖြစ်ခဲ့တဲ့ နည်းပညာ တွေရှိခဲ့ပါတယ်။ အဓိက အားဖြင့် လက်နက် ၊ သေနတ် ကို ပိုင်ရှင်ကိုယ်တိုင်မဟုတ်ပဲ တခြားသူက အသုံးပြုရင် ပစ်လို့ မရတဲ့ နည်းပညာမျိုးတွေ ကို တီထွင် ထားခဲ့တာပါ။ ဒါဆို ပိုင်ရှင် ကိုယ်တိုင် အကြမ်းဖက်ရင်ရော ဆိုတဲ့ ပြဿနာ လည်းရှိပြန်ပါတယ်။ ဒီအတွက်လည်း နည်းပညာ က တီထွင်ပြီးသား ရှိတယ်လို့ ကျွန်တော် ဖတ်ရပါတယ်။
သေနတ် နဲ့ နည်းပညာ ပူးပေါင်းတဲ့ ကိစ္စမှာ Armatix GmbH (ဂျာမန် ကုမ္ဗဏီ) ၊ TriggerSmart နဲ့ New Jersey Institute of technology တို့က ထိပ်ဆုံးကနေ ဦးဆောင် ပြီး လှုပ်ရှားခဲ့ဖူးပါတယ်။ Armatix ကတော့ သေနတ်ကိုင်ဆောင်သူဟာ RFID chip ထည့်သွင်းထားတဲ့ လက်ပတ်နာရီကို ဝတ်ဆင်ထားမှ ပိုင်ရှင်ကိုယ်တိုင် ကိုယ်တွယ်တယ်လို့ သတ်မှတ်ပြီး အသုံးပြုခွင့်ကို ပေးမှာ ဖြစ်ပါတယ်။ ဒီလို ဝတ်ဆင်ထားတဲ့ အပြင် သေနတ်ဒင်မှာ ရှိတဲ့ five digit pin ကိုလည်း ထည့်သွင်းရဦးမှာပါ။ သူတို့ကပဲ RFID chip ထည့်သွင်းထားတဲ့ လက်စွပ် နဲ့မှ အသုံးပြုလို့ရတဲ့ သေနတ်ကိုလည်း တီထွင် ထားပါသေးတယ်။
New Jersey Institute of technology ကတော့ သေနတ်ပိုင်ရှင်က သေနတ်ကို ကိုင်တွယ်တဲ့ အခါ ဖြစ်ပေါ်လာတဲ့ ကြွက်သားရဲ့ညစ်အားကို မှတ်ယူထားမဲ့ နည်းပညာကို တီထွင် ထားခဲ့ပါတယ်။ ဒီလို ညစ်အား ဟာ လက်ဗွေလိုပဲ တစ်ယောက်နဲ့တစ်ယောက် တူညီမှု ရှိဖို့ ခဲယဉ်းတယ်လို့ သိရပါတယ်။ သေနတ်ကို လေ့ကျင့်ကွင်းမှာ အချက် ၅၀ ခန့် စမ်းပစ်ပြီးပြီ ဆိုရင်တော့ သေနတ်ဟာ ပိုင်ရှင်ကို မှတ်မိသွားပြီလို့ သိရပါတယ်။
TriggerSmart ကတော့ ဒီလို နည်းပညာ တွေအပြင် အကယ်၍သာ နည်းပညာသုံး Smart Gun ကို ကိုင်ဆောင်လာတဲ့ ပိုင်ရှင် ဖြစ်စေ ၊ အကြမ်းဖက် သမားဖြစ်စေ ၊ သတ်မှတ်ထားတဲ့နေရာမှာ ကျည်မထွက်တဲ့ နည်းပညာကိုလည်း တီထွင် ထားခဲ့ ပါသေးတယ်။ တလောက Sandy Hook မူလတန်းကျောင်းလို မျိုးမှာသာ ဒီလို နည်းပညာ ထားရှိ နိုင်ခဲ့ရင် ကလေးတွေ အသက်ဆက်ရှင်နေဦးမှာလို့ TriggerSmart ရဲ့တည်ထောင်သူ Robert McNamara က ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျောင်းမှာ ဒီနည်းပညာ သုံးရုံနဲ့မလုံလောက်ပါဘူး။ သေနတ်တွေ အားလုံးကလည်း smart gun တွေ ဖြစ်ရမှာပါ။
ဘယ်လိုပဲ နည်းပညာ တီထွင် တီထွင် ၊ ပြန်သုံးသပ် ကြည့်ရင်တော့ ဒီကိစ္စက သိပ်တော့ ဖြစ်နိုင်ချေ မရှိပါဘူး။ သေနတ်ကိုင်ဆောင်တဲ့ သူတွေကို သုံးသပ်တဲ့ အခါမှာလည်း သူတို့အနေနဲ့ ဒီလို ရှုပ်ထွေးတဲ့ လက်နက်တွေကို ကိုင်ဆောင်လိုခြင်း မရှိဘူးလို့ တစ်သံတည်း ဖြေကြားကြပါတယ်။ အိမ်မှာ ဆောင်ထားပြီး ကလေးသူငယ်တွေ လည်း ရှိတဲ့ သူအချို့သာ ဒီ နည်းပညာတွေကို စိတ်ဝင်စား ကြပါတယ်။ အမေရိကန် နိုင်ငံ လူ ၁၀၀ မှာ လက်နက် ၈၀ ကျော် ကိုင်ဆောင်ထားပြီး အကယ်၍ ဥပဒေ အရ လက်နက်တွေ အားလုံးကို နည်းပညာ တပ်ဆင်ရမယ် ၊ လက်နက်တွေ အားလုံးဟာ smart gun တွေ ဖြစ်ရမယ် ဆိုပြန်ရင်လည်း ထုတ်ပြီးသား လက်နက်တွေကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတဲ့ အချက်က အဓိက အနှောင့်အယှက်ပါ။ ဒါ့အပြင် တရားဝင် မဟုတ်ပဲ ထုတ်လုပ်နေတဲ့ မှောင်ခို လက်နက်တွေကိုရော ဘယ်သူက smart gun နည်းပညာ နဲ့ ထိန်းချုပ် ပါမလဲ။
ဒါ့အပြင် အကြမ်းဖက်သူ ဟာ ကိုယ်ပိုင် သေနတ်တွေနဲ့ ပဲ အကြမ်းဖက်နေတဲ့အခါ ….. နည်းပညာက ဒီ တစ်ကြိမ်မှာတော့ အရှုံးပေးလိုက်ရပါပြီ။
Source :တူလေ